Articles or Manuscripts invited.

  • Any manuscripts or articles written on Buddhism are invited for publication in this blog.
  • Before being published, they will be reviewed for correctness and coincidence with Dhamma.
  • Articles written in English are preferable.

Web Page Version of this Blog

Dear Readers, If you may want to visit the webpage version of this blog, Please go to http://supremeenlightenment.webs.com/ Thank you for your strong support.

Tuesday, April 28, 2009

ဓမ္မစကြာ

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၈ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေချမ်းတွင် ဗာရာဏသီပြည် မိဂဒါဝုန်တောအုပ်အတွင်းမှာ ဂေါတမဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို တရားဦး ဟောတော်မူတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဟောကြားတော်မူခဲ့တဲ့ တရားတော်ကတော့ သတ္တ၀ါတို့၏ ဉာဏ်ပညာ မျက်လုံးတွင် ကိလေသာတိမ်သလ္လာ ဖုံးလွှမ်းနေသောကြောင့် အဆက်မပြတ် အမြဲဖြစ်နေသော်လည်း မသိကြသည့် အမှန်တရားအား စတင်ဖော်ထုတ် သိမြင်စေခဲ့တဲ့ ဓမ္မစက္ကပ၀တ္တနသုတ်တော်ပဲ ဖြစ်ပါတယ်။ အဲဒီ တရားတော်မှာ အနှစ်သာရအားဖြင့် အချက် ၃ ချက် ပါဝင်ပါတယ်။ (၁) ရှောင်ရန် အစွန်းနှစ်ပါး၊ (၂) ကျင့်ကြံရန် အလယ်လမ်း၊ (၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါးတို့ပဲ ဖြစ်ပါတယ်။

စိတ်ဓါတ်၊ အကျင့်နှင့် အသိကို ပျက်စီးစေသော ရှောင်ရန် အစွန်းနှစ်ပါး - The Two Extremes to Avoid

* ကာမဂုဏ်များနှင့်ပျော်ပါးခြင်းဟူသော အစွန်းရောက်အကျင့်များ (Sensual indulgence)
* မိမိကိုယ်ကို နှိပ်စက်ညှည်းပန်းခြင်းဟူသော အစွန်းရောက်အကျင့်များ (Self-mortification)

လိုက်နာကျင့်သုံးရန် မဇ္ဈိမပဋိပဒါအလယ်လမ်း - Buddha’s Middle Way – The Path of Moderation

* ကိုယ်နှုတ်နှစ်ပါးအား လွန်ကျူးမှုမရှိအောင်ထိန်းသော ကိုယ်နှုတ်စည်းကမ်း - သီလ (Moral Conduct)
* စိတ်သောင်းကျန်းမှု၊ လွန်ကျူးမှု၊ ပြစ်မှားမှုတို့အား ထိန်းသည့် စိတ်စည်းကမ်း - သမာဓိ (Concentration)
* စိတ်အတွင်းပိုင်းအထိ အမြစ်တွယ်ကပ်နေသော ကိလေသာ အညစ်အကြေးများ ဆေးကြောသန့်စင်သည့်နည်းလမ်း - ပညာ (Wisdom) ဟူသော အနှစ်သာရ သုံးခုနှင့် နည်းလမ်း ရှစ်ခု ပါဝင်ပေသည်။

ထိုးထွင်းသိမြင်ရန် သစ္စာအမှန်တရားလေးပါး - The Four Noble Truths

(၁) ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးသည် ဆင်းရဲခြင်းအမှန် - ဒုက္ခသစ္စာ (Life Means Suffering)
ခန္ဓာ၏ ဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ဖောက်ပြန်ခြင်း၊ နှိပ်စက်ခြင်း၊ အလိုမပြည့်ခြင်း၊ ချစ်သောသူနှင့် ကွဲကွာရခြင်း၊ မုန်းသောသူနှင့် လက်တွဲရခြင်းစသည်တို့သည် ရုပ်နာမ်တို့၏ ဆင်းရဲတတ်သည့် သဘာဝအမှန်ဖြစ်သည်။
Birth, aging, illness, death, sorrow, lamentation, pain, grief, despair, not to get what one wants, union with whatis dispeasing, separation from what is pleasing are the life’s true natures of suffering.
(၂) တဏှာသည် ဆင်းရဲကြောင်းအမှန် - သမုဒယသစ္စာ (Origin of Suffering is Attachment)
ကာမ၊ ခန္ဓာ၊ ဘ၀တို့၌တပ်မက်သော တဏှာနှင့် ဘ၀မရှိဟူသော ၀ါဒတို့၌ စွဲလမ်းတက်မက်သော တဏှာတို့သည် ဆင်းရဲခြင်းကို ဖြစ်စေသော အကြောင်းသဘော အမှန်ဖြစ်သည်။
Craving for sensual pleasures, existence and for non-existence is the cause of renewed existence.
(၃) ထိုတဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ငြိမ်းကြောင်းအမှန် - နိဂြောဓသစ္စာ (Suffering’s Cessation)
Cessation of suffering is the giving up, relinquishing of and nonreliance on the craving.
(၄) မဂ္ဂင်ရှစ်ပါး အကျင့်တရားတို့သည် နိရောဓသို့ရောက်ကြောင်းအမှန် - မဂ္ဂသစ္စာ (Way to the Cessation of Suffering)
The Noble Eightfold Path is the way leading to the cessation of suffering.

မဂ္ဂင်ရှစ်ပါး (The Noble Eightfold Path) ဆိုသည်မှာ…

(၁) သမ္မာဒိဋ္ဌိ - မှန်စွာသိမြင်မှု (The Right Understanding)
အရှိကို အရှိအတိုင်းသိ၍ ငါစွဲပျောက်သည့်အမြင်သည် အမြင်မှန်အားလုံး၏ အခြေခံ ဖြစ်သည်။

(၂) သမ္မာသင်္ကပ္ပ - မှန်စွာကြံစည်မှု (The Right Thinking)
ငါ့အတွက် မကြံ၊ ကောင်းကျိုးသယ်ပိုးရန်၊ ဆင်းရဲသူတို့အား ကူညီစောင့်ရှောက်ရန် ကြံစည်ခြင်းသည် မှန်သောအကြံ ဖြစ်ပေသည်။

(၃) သမ္မာဝါစာ - မှန်စွာပြောဆိုခြင်း (The Right Speech)
မှန်ကန်၊ ရိုးသား၊ ယဉ်ကျေး၍ ညီညွတ်မှုကိုအားပေးသော၊ အများလက်ခံနိုင်သောစကားအား ပြောခြင်းသည် မှန်စွာပြောခြင်း မည်ပေသည်။

(၄) သမ္မာကမ္မန္တ- မှန်စွာလုပ်ဆောင်ခြင်း (The Right Action)
သူတစ်ပါး၏ အသက်အိုးအိမ်အား ကာကွယ်စောင့်ရှောက်ခြင်း၊ သူတစ်ပါးကြီးပွားတိုးတက်ရေးအား ပြုခြင်း၊ ကိလေသာ ကာမဂုဏ်တို့အား လူမှုကျင့်ဝတ်တို့ဖြင့် စနစ်တကျ ထိန်းသိမ်းထားခြင်းတို့သည် မှန်ကန်သော ကိုယ်အမူအရာ ဖြစ်ပေသည်။

(၅) သမ္မာအာဇီဝ - မှန်စွာအသက်မွေးခြင်း (The Right Livelihood)
သူ့အသက်အား သတ်ဖြတ်ညှင်းပန်းခြင်း၊ အဆိပ်လက်နက်၊ အသားစားသတ္တ၀ါ၊ မူးယစ်ဆေးဝါး၊ လူ (ပြည့်တန်ဆာ၊ ကျွန်) အရောင်းအ၀ယ်ပြုခြင်းဟူသော မမှန်ကန်သည့် အသက်မွေးခြင်းများအား ရှောင်ကြဉ်ခြင်းသည် မှန်စွာအသက်မွေးခြင်း မည်ပါသည်။

(၆) သမ္မာဝါယာမ - မှန်စွာအားထုတ်ခြင်း (The Right Effort)
မဖြစ်သေးသည့် ကိလေသာများအား မဖြစ်လာစေရန်၊ ရှိနေသော ကိလေသာ အကျင့်ဆိုးများအား အကြွင်းမဲ့ ပယ်ရှားနိုင်ရန် ကြိုးစား အားထုတ်ခြင်းသည် မှန်သောအားထုတ်ခြင်း ဖြစ်သည်။

(၇) သမ္မာသတိ - မှန်စွာမှတ်ရှုခြင်း (The Right Mindfulness)
ကိလေသာရန်သူနှင့် ဒုစရိုက်အကျင့်ဆိုးများ ကိုယ်နှုတ်စိတ်အမှုအရာများသို့ မ၀င်လာစေရန် ကာကွယ်စောင့်ကြည့်ထားခြင်းသည် မှန်စွာ မှတ်ရှုခြင်း ဖြစ်ပေသည်။

(၈) သမ္မာသမာဓိ - မှန်စွာတည်ကြည်ခြင်း (The Right Concentration)
တောမျောက်ကဲ့သို့ ပရမ်းပတာ ပြန့်ကျဲပြေးလွှားနေသည့်စိတ်အား တည်ငြိမ်စေရန် အာရုံကောင်းတစ်ခုအပေါ်တွင် စည်းကမ်းတကျ ထိန်းထားနိုင်ခြင်းသည် မှန်ကန်စွာတည်ကြည်ခြင်း ဖြစ်ပါသည်။

သီလ၊ သမာဓိနှင့် ပညာဟူသော မဇ္ဈိမပဋိပဒါအလယ်လမ်း၏ အနှစ်သာရသုံးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့အကြား ဆက်စပ်ပုံမှာ

သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့သည် ပညာမည်ပေသည်။ သမ္မ၀ါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့သည် သီလပင်ဖြစ်ကာ သမ္မာဝါယာမ၊ သမ္မာသတိနှင့် သမ္မာသမာဓိတို့သည် သမာဓိတရားများ ဖြစ်ပါသည်။

မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာသည် သီလ၊ သမာဓိ၊ ပညာပင် ဖြစ်ပါသည်။ ထိုအလယ်လမ်း အကျင့်မြတ်အား ကျင့်ကြံခြင်းဖြင့် ဒုက္ခသစ္စာအား ထိုးထွင်းသိမြင်၊ သမုဒယသစ္စာအား ပယ်ရှား၍ နိဂြောဓသစ္စာသို့ စိုက်ရောက် မျက်မှောက်ပြုနိုင်ကြမည် ဖြစ်ပါသည်။


Source: http://stanley.iblogger.org/?cat=94&paged=2

Acknowledgment

The original author, Stanley, claimed that he also referred to the booklet which was distributed free-of-charge on the full-moon day of Waso at Shwedagon pagoda, Yangon.

The distributors were U Chit Khin, Daw Aye Aye Sein and their family, the owner of Yinmar Music Recording and Putet Journal.

No comments: